နှလုံးသားရဲ့အက်ဆေး

Saturday, January 19, 2013

နေ့စွဲတစ်ချို့ မှောင်မဲလို့ ကျွန်တော့် ညတွေ မဲမှောင်သွားတယ်
စကားလုံးအချို့ ကျပျောက်သွားချိန်မှာ လရောင်တွေ ခဲရောင်သန်းလို့
ဒီဇင်ဘာနှင်းစက်တွေက တဖြောက်.ဖြောက်..ပေါ့.....

ပျောက်ကျနေတဲ့စကားလုံးတွေ သူမ ကောက်ရ သွားတဲ့နောက်
နှလုံးသား FM အသံလွှင့်တယ်

"သောတရှင်များ နားဆင်ပါရှင်" တဲ့



တိုးတိုးလေးပြောပေမယ့် နှလုံးသားနဲ့ပြောတဲ့စကားတိုင်း
အမြဲလေးနက်ခဲ့တယ်



ချစ်သူပြောတယ် ......
''လူဆိုးလေး စကားတွေသိပ်တက်နေတယ်တဲ့"


ဟုတ်ပါတယ် အချစ်နဲ့တွေ့တဲ့အချိန်တိုင်း မသင်ပဲတက်တာ စကားပဲ
စကားတွေ ကဗျာထဲ ထည့်မွှေလို့ ကျွန်ုပ် ကဗျာတစ်ပုဒ် ဖန်ဆင်းခဲ့တယ်


တစ်နေ့ကျရင်
သူမ အနားမှာနေပေးမယ်
အဲဒီအချိန် စကားတွေ
တွတ်တီးတွတ်တာနဲ့ ဆိုးနွဲ့နေလိမ့်မယ်
အဲဒီအခါ သူမ မခို့တရို့လေးနဲ့ ပြုံးလိမ့်မယ်
ကျွန်တော့် ဆံပင်လေးကို သပ်လို့ပေါ့
ပြိးတော့ စကားတစ်ခွန်းပြောမိသွားမယ်

"ချစ်လိုက်တာ .......ရယ် "တဲ့

တစ်နေ့ကျရင်
ထက်အာကာဆီက နတ်သမီးလေး
တိမ်ထုခင်းကို နင်းလို့ ရင်ခွင်ရင်းမှာ
သစ်တစ်ပင်လာပျိုးလိမ့်မယ်

"ရေလောင်းဘို့တော့ ကျွန်တော့်တာဝန်ပေါ့
ရှင်သန်ဘို့တော့ နတ်သမီးရဲ့ ဂရုစိုက်မှုက လိုပြန်ရော
ဒါပေမယ့် အမြစ်တွယ်သွားတဲ့အခါကျရင်.
ရင်ခွင်တစ်ခုလုံး ကြေမွ ကွဲအက်ရင်တောင်
ကျွန်တော် ပြုံးခဲ့မှာပါ...''။

အခုတော့....
နတ်သမီးအပြုံးတွေနဲ့ တန်ဆာဆင်လို့
ဟိုးအဝေးဆုံးကို သွားကြမယ်
အဲဒီမှာ ပန်းတစ်ခင်းရှိတယ်
အဲဒီမှာ သစ်ရိပ်ဝါးရိပ်တွေရှိတယ်
အဲဒီမှာ ငြိမ်းချမ်းရေးတွေ ရှိတယ်
အဲဒီမှာ အလွမ်းတွေ ကင်းတယ်
အဲဒီမှာ ချစ်ရနံ့တွေ ဖြန်းပျက်ထားလိမ့်မယ်
နောက်တော့....
အတားအဆီးတွေတော့ရှိလိမ့်မယ်
အတားအဆီးဆိုတာ အချစ်ရဲ့ စမ်းသပ်မှုတစ်ခုပဲလေ
တူတူကျော်ဖြတ်ကြမယ်
အလွမ်းတွေ ငြိမ်းအောင်လို့ အချစ်တွေနဲ့ထိန်းကြမယ်
နှလုံးသားက စကားတွေ အလိုလိုကျလာတဲ့အခါ
" ချစ်တယ် " လို့ပြောမိလိမ့်မယ်..

ချစ်တယ်ဆိုတဲ့စကားက အခါခါရွတ်လို့ မပင်ပန်းတဲ့စကားတစ်ခွန်းပဲလေ...။


အဲဒီနောက် ကျွန်တော် စကားပြောမသင်ပဲနဲ့ တက်ခဲ့တယ်.....။ ။

Lu ٩(͡๏̯͡๏)۶ Soe

0 comments:

Post a Comment