သင်္ခါရ

Saturday, January 19, 2013

သစ်ရွက်တွေ ကြွေတော့နွေတဲ့
ဒီလိုနဲ့ပဲ ပူပြင်းခဲ့တယ်

နွေနဲ့အတူ အချစ်တွေဆူနေချိန်မှာ
ငါ့ရင်တွေ ပူနေတယ်လေ
ငရဲမီးထက်ပြင်းတဲ့ မီးကိုမွှေးလို့
အနွေးဓါတ်လည်းမရ
ငါ့နှလုံးထဲ တစစနဲ့လောင်ကျွမ်း
ဒဏ်ရာတစ်ခုရခဲ့တာပဲ အဖတ်တင်တယ်..။


မိုးစက်တွေ ကြွေတော့ မိုးတဲ့
ဒီလိုနဲ့ပဲ ငါတို့လမ်းမှာ ဗွက်ထခဲ့တယ်

ငါ့မနက်ခင်းမှာ မိုးစက်တွေခင်းလို့
မနက်တိုင်းဟာ ကော်ဖီတစ်ခွက်နဲ့ပြည့်စုံနေတယ်
ငါ့ညခင်းမှာ ပြတင်းတံခါးကိုဖွင့်လို့
မိုးစက်တွေကို လက်နဲ့လှမ်းကိုင်လို့
တစစကျွမ်းတဲ့အသည်းက
တသသဖြစ်နေခဲ့ဘူးတယ်လေ။
“နွားသိုးနဲ့ မိုး အစိုးမရတဲ့”
သည်းကြီးမည်းကြီးရွာတဲ့မိုးနဲ့အတူ
ငါ့ကော်ဖီထဲ မိုးရေစက်တွေဝင်လို့
ငါ့ပြတင်းတံခါးတွေ လေနဲ့အတူပါသွားတယ်
ရေဒီယိုက လွှင့်တယ် တစ်နာရီလေတိုက်နှုန်း ၁၂၀ တဲ့ ..။

တိမ်တိုက်တွေနဲ့လွင့်မြောဘို့အငွေ့ဖြစ်ဘို့လိုမယ်လေ
အဲဒါနဲ့. . .
ကိုယ့်ကို ကိုယ် မီးရှို့လိုက်တယ်..။



နှင်းစက်တွေချွေတော့ ဆောင်းတဲ့
ဒီလိုနဲ့ပဲ အေးစက်ခဲ့တယ်

ပျော်စရာတွေကို အပြီးသတ်ပြီး
အသည်းနှလုံးတွေသာ အေးစက်ခဲ့တယ်
နှင်းတွေကြားထဲမှာ နှစ်တစ်နှစ်သာကုန်သွားတယ်
အခုထိ ငါ့လက်တွေ နွေးနေတုန်း

ဒီလိုနဲ့ပဲ....
ဒီ...လို...နဲ့....ပဲ
ဒီ........လို........နဲ့..........ပဲ............
အားလုံးဟာ သူ့အလိုလို ပြီးဆုံးခဲ့တယ် ။ ။

Lu ٩(͡๏̯͡๏)۶ Soe

0 comments:

Post a Comment