ပန်းကလေး သို..

Saturday, February 16, 2013

0 comments
 ဖေဖေါ်ဝါရီမွေး
ထိုပန်းကလေး
ရေလိုအေးချမ်း လန်းပါစေ။

လှပတင့်ဆန်း
ဖူးပွင့်လန်းလို့
အလှနဲ့မြန်း
ဘ၀လမ်း ဖြောင့်ဖြူးသာယာပါစေသော်. . . ။ 


@ လူစိုး

♥ • • • ဆွေး • • • ♥

0 comments


မမြင်တာ ရက်ကြာညောင်းပေမဲ့
အစဉ်သာ တသက်တာ မဟောင်းလေတဲ့သူ
ရင်ဗလာ မသက်သာကြောင်းကိုပ
ရက်ကြာကြာ ဆွေးနေခဲ့ရတယ်
တွေးလို့မပျော်ဘူး...။

ဆွေးသခင် ဝေးရင် သိပါစ
အတွေးတွင် ငြိကာမှ
သံယောဇဉ် ပျက်ကာသုန်းတော့
အပြေးပင် ထွက်ခွါပုန်း
မုန်းတော့မှာပေါ့..သည်းဦးရှင်။

မပစ်ခွာရက်ပေမဲ့
ချစ်ပါလျှက်နဲ့ခွဲရပြီခင်...
မေတ္တာတစ်သက်နှင်းဆက်မဲ့ပွဲရယ်မမြင်
တကယ်အစဉ်ပြောရရင်ဖြင့်
ဘယ်ဘ၀င်ချမ်းမြေ့နိုင်ပ
လမ်းတွေ့ရင်ပြုံးကာကြည့်နိုင်ဖို့
သရုပ်ဆောင်တတ်ချင်..။

လမ်းခွဲဘို့အကြောင်းဖန်
ပေါင်းရန်ကံနဲ့ဝေး ဆွေးရပြီခင်..

လွမ်းမျက်ရည် ကြွေဆင်း
ဟန်ဆောင်ကာ ဘယ်လိုတင်းပေမယ့်
ထိုခြေရင်းမှာသာ ငိုပွဲဆင်

အပြစ်ကယ်ဟုလည်း မဆိုသာ
ချစ်ရက်နဲ့ခွဲခွာ ရင်ဒဏ်ရာ ဗလပွ
စင်ပြန်လာ ဝေဒနာဆိုးကိုပ
(အော်)....ကုထုံးရယ် မမြင်..။ ။

*ဆိုခဲစေ မြဲစေ၊ လူစိုး ( Soe Min Tun)

ရင်ကွဲရာသီ

0 comments
တနွယ်ငင်လို့ တစင်ပါ
အကြင်နာ ရင်မှာ မမင်တာလား

အတူသိပ်ချစ်ခဲ့စဉ်က
သူစိတ်ညစ်ရင် အားပေး
အနားလေးမှာ မခွဲခွာ
အမြဲသာ အစဉ်ရှိ
သင်ကြည့်တက်ရင်တော့ မြင်မယ်ထင်မိတာပေါ့..။

ဟိုအရင်ချစ်ခဲ့စဉ်က
သူငိုရင် ကမ္ဘာပျက်သုန်း
အမှောင်ဖုံးပေမယ့် အလင်းဆောင်
ငို ရီ ပြုံး ပျက်လုံးအစုံသုံးလို့
သူပြုံးမှ ပျော်တက်သူက
ဘ၀ကို ပြင်လို့ အလှကိုဆင်
မေတ္တာချင်းယှဉ်ရင် နိုင်မယ်မထင်..။

မေတ္တာတွေ တိုးလာတော့
သစ္စာတွေ ရင်ဝယ်ပျိုးပါရော့
သံယောဇဉ်လွန်း တင်တဲ့ကြိုးက
တင်းလွန်းလို့ ပြတ်တာလားကွယ်

မနေတတ်ပေမယ့် ကျေနပ်ပါရဲ့
ဗွေရတတ်ဖြာ အပူမီးတော့
လွင်တီးခေါင် လေပူရိုင်းလို
ရင်ငွေ့ကို တစ်ခါတိုးတိုင်း
ဆိုးလို့ လှိုက်လောင် ..။ ။

@လူစိုး

ဒို့ဗိုလ်ချုပ်

0 comments

အတိတ်ဂုဏ်ရောင် ထွန်းပြောင်ဝါ
အမှောင်ကို ခွင်း ဆောင်အလင်း
ယူဆောင်ကျဉ်းကာ ပေးခဲ့ခြင်း။

ခရစ်သက္ကရာဇ် မွေးနေ့နှစ်
တစ်ကိုးတစ်ငါး ဗိုလ်ချုပ်ဖွား
ရှေ့နေ ဦးဖာသား ဇာတိချက်ကြွေ
နတ်မောက်မြေ သူရဲကောင်းတွေ ပေါ်ထွန်းပေ ။

ငါတို့ အောင်ဆန်းရယ်
ငါးနှစ်အရွယ် သူရောက်လာ
ပေါ်ပေါက်လာ သပိတ်ကြီးကြောင့်
ဝံသာနုစိတ် ရော်ကာရောက်
အဘိုးအမွေ ဆက်ခံစေ သူ့ကျွန်မခံပေ။

ကျောင်းတော်တက္ကသိုလ် ရောက်တဲ့ချိန်
ဂုဏ်ချင်းမပြိုင် မ၀ံ့မကြွား
စာအုပ်ထက်ဝယ်စိတ်နှစ်ထား
တကုပ်ကုပ်ဖတ် အလေးနက်တွေး
တိုင်းပြည်အရေးအတွက် အချိန်ကိုပေး
စဉ်းစားတွေးရင်း အချိန်တွေဆွေး။

ဥပစာတန်း အောင်သောခါ
ဝိဇ္ဇာတန်းသို့ သူပြောင်းလာ
အမူ့ဆောင်မှာ သမ္မဂ
ဝန်ထမ်းဆောင်လို့ သူ့ဂုဏ်ရောင်ပြ
အိုးဝေ အိုးဝေ ကြွေးကြော်သံ
ဒေါင်းအိုးဝေသံ တွင်တွင်ညံ
ကလောင်နဲ့တိုက် သူ့စရိုက်
ခွေး သရမ်းကြီး လွတ်နေခိုက်။

တစ် ကိုး သုံးဆယ် သက္ကရာဇ်ဝယ်
ကျွန်ဖြစ်နေခိုက် သခင်ဖြစ်မယ်
ဒို့ဗမာ ကမ္ဘာကသိအောင်
အမည်နာမ ရှေ့တွင်ဆောင်
သခင်တပ်ကာ ခေါ်စေငြား
သခင်အောင်ဆန်း မည်တွင်သွား
“ရရင်ရ မရရင်ချ”
ဗိုလ်အောင်ဆန်းဝါဒီသ ။

ကိုယ်ကျိုးမဖက် အသက်ကိုလှူ
ဂျပန် မိတ်ဖက်ယူ
တိုင်းပြည်အရေး ဂျပန်ပြေးသွား
ဟိုင်နန်းကျွန်းဖျား လူအများ
စစ်ဘက်အမွေ သင်ယူလေ
ရဲဘော်သုံးကျိပ် ခေါ်တွင်စေ။

ပေါင်းကာစုလို့ဖွဲ့ပြီးသော်
နာမည်ခေါ် ဗိုလ်တေဇ
စစ်ရေးလည်းပြ ပြည်လည်းလှ
သမိုင်းကိုဖွင့် ဗမာ စစ်
တစ်ကိုးလေးနှစ် သက္ကရာဇ်
စုန်သည့်လေလို မာန်ဟုန်ပြင်း
စစ်ဦးခင်းကာ သွေးနဲ့ရင်း
ရန်ကုန်သိမ်းလို့ အောင်ပွဲခံ
ဗမာသွေးနဲ့ ရဲသွေးမာန်။

တစ်ကိုးလေးငါး နွေဦးဖျား
ဂျပန်များကို တွန်းလှန်အား
မြန်သိမ်းပိုက်လို့ အရိုက်အရာ
လွတ်လပ်ရေး ပေးအပ်မှာ
တွေးလို့သော် စိတ်တွေလေး
တုယောင်ပေးတဲ့ လွတ်လပ်ရေး

တစ်ကိုးလေးခွန် နွေလေသွန်
ဖေဖေါ်ဝါရီအလွန် ပြည်နယ်နွံ
ရုံးထွက်ဘို့ငှာ သူကြိုးစား
သွေးချင်းတို့ရဲ့အား
တိုင်းပြည်အတွက် ချည်ထုံးဆက်
အက်တလီ စာချုပ်ထက်
လက်မှတ်ရေးသား သွေးချင်းများ
ချုပ်ဆို ကတိ ပြုခဲ့သွား။

ဆယ့်သုံးဇူလိုင် မြို့မှာယိုင်
ပြည်တိုးတက်ဘို့ စည်းဝေးထိုင်
ခေါ်ယူမှာတမ်း သူမြွတ်ကြား
သြ၀ါဒတွေများ
မှာကြားချွေ၍ တိုးတက်စေ
တိုင်းပြည်မြတ်မှာလေ။

ဦးဆောင်ရှေ့သွား ဗိုလ်ချုပ်အား
လုပ်ကြံရစ်လေအား
ဇူလိုင် ဆယ့်ကိုး ဒီရင်ကျိုး
သွန်းဖြိုးမျက်ရည်မိုး
ခွဲခွာတော့လေ ဗိုလ်ချုပ်ရေ
မျက်ရည်မိုးတွေ ရွာသွန်းဆွေ
တစ်တိုင်းပြည်လုံး မစဲပေ

၁၉ ဇူလိုင် မမေ့နိုင်
သတိရဆဲ ယနေ့တိုင်
စိတ်မှာအမှန် လွမ်းနေဆဲ
ဗိုလ်ချုပ်မွေးရက်ထဲ ။

@ လူစိုး